Welcome To Ta'ang Mountain

Ta'ang people is a minority ethnic group and living in the mountain hills with green tea and farming in Northern Shan State of Burma. We, Ta'ang people have our own culture, literature, language, territory and economic!!

Tuesday, March 20, 2012

စိတ်မဆိုးရင် ပြောချင်တယ်ရှင့်

သဒ္ဓါ

မိန်းမသားတို့ရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို တောင်းဆိုနေတဲ့အချိန်မှာ သမိုင်းအထောက်အထားတွေ သုံးရသလိုလက်ရှိ အခြေအနေတွေကိုလည်း ထောက်ပြရမှာဘဲ၊ ယောက်ျားတွေနဲ့ ယှဉ်ပြောသင့်ရင် ပြောရမှာဘဲ။ အားနာနေလို့ မရတဲ့ကိစ္စတွေ အများကြီးရှိတယ်။ သမိုင်းတစ်လျှောက်လုံး ယောက်ျားတွေရဲ့ ခွဲခြားဆက်ဆံမှုအောက်မှာ နေခဲ့ကြရတယ်။ အဖိနှိပ်ခံနေရတဲ့ ကြားထဲကနေ မိန်းမသားအာဇာနည် သူရဲကောင်းတွေ ပေါ်ထွန်းခဲ့ကြရတယ်။ အကယ်၍ အဖိနှိပ်မခံရဘဲ တန်းတူအခွင့်အရေးများ ရခဲ့ရင် ဆိုပြီးတော့လည်း တွေးမိပါတယ်။
  
မိန်းမသားတွေကို ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေများ ပေးလိုက်ရင် ကမ္ဘာပျက်မယ်လို့ ထင်တဲ့ယောက်ျားတွေ အများကြီးရှိတယ်။ မယုံမရှိနဲ့၊ တကယ်…၊ ခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်ပုံ မတူညီတာကို အခြေခံပြီး၊ မိန်းမသားတွေကို စော်ကားမော်ကားပြောနေတဲ့ သူတွေရှိတယ်။ ဒီဆောင်းပါးဟာ အမြင်ကျဉ်းမြောင်းတဲ့ သူတွေကိုသာ ရည်ညွှန်းပါတယ်ဆိုတာကို နားလည်ပေးကြပါ။ တချို့ပြောတဲ့ စကားတွေ  မှတ်သားလောက်ပါရဲ့။ မိန်းမတွေကို ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေးပေးလိုက်ရင် အိမ်မှာ အဝတ်လျှော်တဲ့သူ၊ ထမင်းချက်တဲ့သူ၊ ကလေးထိန်းတဲ့သူ ဘယ်ရှိတော့မလဲတဲ့ ကောင်းကြသေးရဲ့လား။ ဒီလိုမျိုးမတွေးတဲ့သူတွေ ဘယ်လောက်တောင် ရှိနေသလဲ။ သဘာဝတရားရဲ့ သဘာဝတရားအတိုင်းလင်နဲ့ မယား အိမ်ထောင်ရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့အခါ ပုံသေနည်းတွေကို ဖျက်ပစ်ဖို့လိုမယ်၊ စာအုပ်ကြီးအတိုင်း ပုံသေနည်းတွေနဲ့ ပျော်နေတဲ့ သူတွေလည်း ရှိပါတယ်။

ယောက်ျားတစ်ယောက်က မိန်းမတွေ အများကြီးယူရင် ယောက်ျားကောင်း မောင်းမတစ်ထောင် ဖြစ်ပါတယ်။ မိန်းမတစ်ယောက်က ယောက်ျားတွေ အများကြီးယူရင်တော့ မကောင်းတဲ့မိန်းမ၊ မိန်းမပျက်ဆိုဘဲ။ ဒီလိုပြောတော့ မိန်းမတွေများ ဒီကိစ္စကိုမှ လိုက်တန်းညှိနေကြသေးတယ်လို့ လိုရာဆွဲမတွေးလိုက်ကြပါနဲ့။ ဘယ်သူမဆို သူတို့လိုချင်ရင်တော့ ဘယ်လိုစည်းမျဉ်းစည်းကမ်း ဥပဒေတွေရှိရှိ ယူကြမှာဘဲ။ တစ်သက်မှာ တစ်ယောက်၊ ပိတောက်ဆိုပိတောက် ဆိုတဲ့ လူမျိုးတွေလည်း ရှိကြတာပဲ၊ ဒါပေမဲ့ ဖောက်ပြန်လော်လီဖို့အရေး စကားပုံတွေ ဆိုရိုးစကားတွေ ထားခဲ့ပြီး အစီအစဉ်ရှိရှိ ယောက်ျားသားများအပေါ်သာ မျက်နှာလိုက်ထားတဲ့ ဆီသည်မလက်သုတ်လို ဖန်တရာတေ၊ အပ်ကြောင်းထပ်နေတဲ့ လုပ်ကြံမှုတွေကို မီးမောင်းထိုးပြချင်လို့သာ ဖြစ်ပါတယ်။
   
လင်နဲ့မယားရန်ဖြစ်တဲ့အခါ ကြားဖူးတဲ့စကားလေးတွေ ရှိတယ်။ ဒါလည်း ကိုယ့်ပတ်ဝန်းကျင်မှာ မကြားဖူးတဲ့ သူရယ်လို့ မရှိကြပါဘူး။ ဟေ့….ကွဲချင်လည်းကွဲကွ။ ငါတို့က ယောက်ျား လှေကားသုံးထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ်ကွ။ စကားလုံးတွေနဲ့ အနိုင်ယူတာနော်။ မိန်းမက ဘာပြန်ပြောရမှန်းမသိဘူး။ သေချာစဉ်းစား ကြည့်ရင် မိန်းမဖက်က လှေကားသုံးထစ်တောင် ဆင်းစရာမလိုဘူး။ တံခါးဖွင့်ပြီး လက်ယပ်ခေါ်လိုက်ရင် လှေကားရော အိမ်ပါ ပြိုကျပါလိမ့်မယ်။ ရိုင်းတယ်လို့ မထင်ပါနဲ့၊ မဟုတ်တဲ့ စကားလုံးတွေနဲ့ အနိုင်ယူနေရတာကို ကောင်းတယ်လို့ ထင်နေကြလို့ ဒါလည်းဥပမာပေးတယ်လို့ဘဲ သဘောထားစေချင် ပါတယ်။ အိုးရွဲ့ဟာ စလောင်းရွဲ့နဲ့မှသာ အဆင်ပြေတတ်တဲ့သဘောပါ။

 ပြောသလိုဘဲ အကြောင်းအရာတွေဟာ အမြင်ကျဉ်းမြောင်းသူတွေကို တိုက်ရိုက်ရည်ညွှန်းနေတာမို့ အမြင်ကျယ်သူများကို မသိမသားနဲ့ မကြားရ၊ မဖတ်ရချင်ယောင်ဆောင်ပေးကြပါ။ မိန်းမသားတွေဟာ သမ္မတဖြစ်ပိုင်ခွင့်ရှိတယ်၊ စစ်ဗိုလ်ချုပ်တွေ ဖြစ်ခွင့်ရှိတယ်။ ဒါတွေက လူတိုင်းသိနေကြတာပဲ။ အထွေအထူးရှင်းပြစရာ မလိုတော့ဘူး။ ရှင်းပြတဲ့ သူတွေလည်း ရှိနေကြတာပါပဲ။ အခြေခံနဲ့ လက်ရှိအမျိုးသမီးတွေရဲ့ ဘဝကို နားလည်ဖို့တော့ အရင်လိုအပ်မယ်။ အမျိုးသမီးတွေရဲ့ ပြဿနာတွေကို အောက်ခြေကနေစပြီး ဖြေရှင်းပေးနိုင်အောင် ကြိုးစားကြရမယ်။ လယ်တီဆရာတော် ဘုန်းကြီးက သူ့တပည့်ကြောင်ပန်းဆရာတော် ရေးတဲ့ တရားစာတွေနဲ့ ပတ်သက်ပြီး ဒီလိုပြောဖူးတယ် “မင်းတရားက ကျယ်လွန်းတော့ လင်ဗန်းထဲ ရေထည့်သောက်ရသလိုဘဲတဲ့" တရားကမှန်ပေမဲ့ ထုတ်ဖော်ပုံ ထုတ်ဖော်နည်းကိုပြောတာပါ။
   
မိန်းမသားတွေရဲ့ ကဏ္ဍကို မိန်းမသားတွေ ကိုယ်တိုင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြရမယ်။ တစ်နိုင်ဝန်တွေ ထမ်းကြရမယ်။ စာအုပ်ဟောင်းကြီးမီးရှို့လို့ ရပါပြီ။ လူတိုင်းလူတိုင်းက မိန်းမသားတိုင်းရဲ့ တိုးမယ့်ခြေလှမ်းတွေကို လှမ်းပေးလိုက်ရင် အကောင်းဆုံးပေါ့။ ဒီနေ့ကစပြီး ကိုယ့်စိတ်ကိုစစ်ရင်း တိုးမယ့် ခြေလှမ်းတွေကို လှမ်းပေးလိုက်ကြပါ။ ပြဿနာ တစ်ခုခုဖြစ်လာရင် မင်းတို့မိန်းမတွေနဲ့ မဆိုင်ပါဘူးလို့ ပြောမယ့်အစား အတူဖြေရှင်းညှိနှိုင်း တိုင်ပင်ကြဖို့ လိုမယ်။
   
သူများတွေရဲ့ ကောင်းတဲ့ဂုဏ်ကို မလေးစားရင် ကိုယ့်မှာ အဲဒီလိုကောင်းတဲ့ ဂုဏ်မျိုးမဖြစ်ပေါ်နိုင်ပါဘူး။ ဒါကြောင့် သူများမှာ အဲဒီကောင်းတဲ့ ဂုဏ်မျိုးတစ်ခုခုရှိရင် အဲဒါကို လှိုက်လှိုက်လှဲလှဲ လေးစားနိုင်တဲ့သူ ဖြစ်ရမယ်။ အဲဒါမှ အဲဒီဂုဏ်မျိုးကို ရလာနိုင်မှာ ဖြစ်တယ်။ နားလည်စေချင်တာက မိန်းမသားတို့ရဲ့ ဘဝမှာ အခြေခံကျတဲ့ အချက်လေးတွေက အရေးကြီးဆုံးဘဲ။ အိမ်တစ်လုံးအတွက် အုတ်မြစ်ဟာ အရေးအကြီးဆုံးလိုဘဲ။ ဒါကိုသတိထားရလိမ့်မယ်၊ လိပ်တွေးမတွေးကြပါနဲ့ ယောက်ျားတွေမကောင်းဘူး။ မိန်းမတွေပဲကောင်းတယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ညီညီမျှမျှလေး တွေးပေးကြပါ။ အထူးသဖြင့် သမီးမိန်းကလေးတွေကို မွေးဖွားထားတဲ့ မိဘတွေကို ပြောချင်တာက စာအုပ်ကြီးအတိုင်း ပုံသွင်းမလား မလုပ်ကြပါနဲ့။ ခေတ်ကြီးက စက္ကန့်နဲ့အမျှ တိုးတက်နေတယ် မိန်းကလေးဘဲ ရေးတတ်ဖတ်တတ်ရင် တော်ပြီ၊ လင်ရရင်လင်က ကျွေးလိမ့်မယ်လို့ လုပ်မဲ့အစား အတွေးအခေါ်ကောင်းတွေ အရည်အသွေးကောင်းတွေ ကိုယ့်ကိုကိုယ် အားကိုးနိုင်အောင် ပြုစုပျိုးထောင်ပေးကြပါ။
   
ကိုယ့်သမီးကို ဘယ်လိုဘဲလုပ်လုပ်၊ ဘယ်လိုဘဲ ပညာပေးပေး ဘယ်သူနဲ့မှ မဆိုင်ဘူးပြောမလား။ ဆိုင်ပါတယ်၊ ဂယက်ရိုက်မှုတွေကို ခံရပါတယ်။ လောကကြီးထဲမှာ ဘယ်အရာမှ သီးသန့် ရှိမနေပါဘူး။ တချို့မိန်းမသားတွေဟာ မိဘတွေရဲ့ ဆုံးမသွန်သင်မှုတွေ မမှန်ကန်တော့ ကိုယ်ကိုယ်ကို မယုံကြည်ရဲဘူး၊ အားမကိုးရဲဘူး။ အဲဒီတော့ မိန်းမတို့၏အားကိုးမှီခိုရာဟာ ယောက်ျားတွေ ဖြစ်ကုန်ပါတယ်။ ဆက်လက်ပြီး မျိုးဆက်သစ်တွေကို ပို့ချပါတယ်။ အဲဒီတော့ ယောက်ျားတွေက အလိုအလျှောက် ဘာမှလုပ်လုပ်မလုပ်လုပ် အိမ်ဦးနတ်တွေ ဖြစ်ကုန်ပါတယ်။ အိမ်ထောင်ရေးလောကမှာ လင်က မယားကိုနှိပ်စက်နည်း နှစ်နည်းရှိပါတယ်။ အသံတိတ်နဲ့ အသံထွက်၊ အသံတိတ်နည်းလေးကို အရင်ဆုံးကြည့်လိုက်ရအောင်။ မယားရှေ့မှာတော့ ဘာမှမလုပ်ဘူး၊ မယားကြောက်လို့တောင် ပတ်ဝန်းကျင်ကပြောရတယ်။ ကွယ်ရာမှာ လုပ်ချင်ရာလုပ်မယ်၊ နေချင်သလိုနေမယ်။ မိမိဇနီးအပေါ်မှာ ဘာမှပွင့်ပွင့်လင်းလင်းမပြောဘူး။ အိမ်ဦးနတ် သိက္ခာကျမှာ ကြောက်လို့လေ၊ မယားကတော့ ဘာမှမသိရှာဘူး။ အသံထွက်နည်းကတော့ အားလုံးသိကြပါတယ်နော်။ မရှင်းတော့ပါဘူး။ ကဲ... သင်ကော သင့်မယားကို ဘယ်နည်းနဲ့ ဆက်ဆံနေပါသလဲ။ မှန်းကြည့်ကြပါစို့။

မိန်းမသားတွေလည်း ပြုပြင်စရာတွေ အများကြီးရှိနေပါတယ်။ သူများက အိမ်ဦးနတ်ဆိုတာနဲ့ ထိုင်ရှိခိုး ပူဇော်ပြီးသား မလုပ်ပါနဲ့၊ ဗိုင်းကောင်းကျောက်ဖိဆိုတာနဲ့ ပြားပြီးသားမလုပ်ပါနဲ့။ရှေ့ကမပြေးနိုင်ရင်တောင် ဘုမသိဘမသိနောက်က မလိုက်မိစေပါနဲ့။ စဉ်းစားတွေးခေါ်ကြပါ၊ ကိုယ့်အတွေးအခေါ်နဲ့ကိုယ် ပူဇော်တာဆိုရင် တော့ မပြောလိုဘူး။ မိန်းမဆိုတာ ယောက်ျားတွေရဲ့ အသုံးတော်ချခံ ပစ္စည်းမဟုတ်ဘူးဆိုတာတော့ အနည်းဆုံး သိထားဖို့လိုတယ်။ သူများတွေက ဘာမှမပြောရသေးဘူး။ ကိုယ်ကိုယ်တိုင်က အားနွဲ့သူပါရှင် ဆိုပြီးတော့ ပျော့ညံ့မနေပါနဲ့ လင်မရှိတဲ့မယား၊ တံခွန်မရှိတဲ့ဘုရား မတင့်တယ်ဘူးဆိုတာကတော့ မမှတ်ဘူးဆိုတာ ငြင်းရ လိမ့်မယ်။ ဘယ်နေရာမှာ မတင့်တယ်တာလဲ၊ လင်ရှိတယ် မရှိဘူးဆိုတာက ကိုယ်ပိုင်လွတ်လပ်ခွင့်တစ်မျိုး၊ မိန်းမဆိုတာ လင်ရှိမှ တင့်တယ်တာ မဟုတ်ဘူး။ တင့်တယ်အောင် နေတတ်ရင် တင့်တယ်မှာဘဲ။ လင်ရှိတိုင်းလည်း မတင့်တယ်ပါဘူး။ လင်မရှိပေမဲ့ တင့်တယ်အောင် နေတတ်တဲ့ မိန်းမတွေအများကြီးပါ။ (တစ်ခုလပ်တွေ၊ မုဆိုးမတွေကို ဆိုလိုတာပါ)
  
 ‘အိမ်ဦးနတ်’ ဆိုပြီးတော့ ဂုဏ်ယူနေတတ်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ပြောချင်ပါတယ်။ ဂုဏ်မယူပါနဲ့ နတ်ဆိုတာ သေပြီးမှ ဖြစ်ရတာ သုံးဆယ်ခုနှစ်မင်း နတ်မှန်သမျှအစိမ်းသေတွေချည်းပဲ။ တိုက်ရိုက်ဘာသာပြန်ရ ရင် အိမ်ဦးနတ်ဆိုတာ ရှင်လျှက်နဲ့သေနေသောသူ….ဒါကြောင့်ရှင်လျှက်သားနဲ့ မသေချင်ပါနဲ့။
   
မိန်းမတွေ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောကြပါ။ ပြောစရာရှိတာပြော၊ လိုအပ်လို့ပြောတာနဲ့ ပါးစပ်စည်းကမ်းမရှိတာကို ခွဲခြားနားလည်ကြပါ။ ယောက်ျားတို့ဘုန်းလက်ရုံး မိန်းမတို့ဘုန်းဆံထုံးဆိုတဲ့ ခေတ်မဟုတ်တော့ဘူး ပျော့ညံ့နေရင်ညံ့ဘဲ။ ဘုန်းကံနိမ့်တယ် မြင့်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခု ပြောပြရဦးမယ်။ စားရေးသူရဲ့ ဝန်းကျင်မှာ ခင်မင်နေတဲ့ မိသားစုတစ်ခုရှိတယ်။ တစ်နေ့ သူတို့အိမ်ရှေ့မှာ စုပြီးစကားပြောနေတဲ့အချိန် သူတို့အိမ်မှာ မွေးထားတဲ့ ခွေးထီးတစ်ကောင်က လူအုပ်ထဲတိုးဝင်လာတယ်။ အဲဒါကို အိမ်ရှင်ရဲ့ သမီးလေးက ခြေထောက်နဲ့ လှမ်းကန်လိုက်ပါရော။ အဲဒါကို အမေကပြောတယ် ဒီကောင်မလေး မိန်းကလေးဖြစ်ပြီးတော့ ခွေးကိုခြေထောက်နဲ့ ကန်ရလား၊ ငရဲကြီးလိမ့်မယ် ကန်တော့လို့ ပြောလိုက်တဲ့။ စားရေးသူက သူတို့ကို ကြည့်ပြီး အတော့်ကို စိတ်မကောင်းဖြစ်မိတယ်။ အရိုးစွဲ ယုံကြည်လာတဲ့ အထီးဟာ အတော်ဘုန်းကံကြီးမယ်ဆိုတဲ့ ယုံကြည်မှုက စွဲမြဲနေတာ။ ဒီကိစ္စလေးဟာ တစ်ကယ့် အဖြစ်အပျက်လေးပါ စာရေးသူ ဖန်တီးပြီး ရေးထားတာ မဟုတ်ဘူး၊ အများကြီးရှိသေးတယ်။ မြွေငယ်မီးသေး ပေါ့ပေါ့ဆဆ တွက်လို့မရပါဘူး။
   
အမှိုက်ကအစ ပြဿဒ်မီးလောင်တတ်ပါတယ်ဆိုတာ လူတိုင်းကို နှိုးဆော်လိုက်ရပါတယ်။ အမျိုးသမီးကိစ္စ ပြဿနာတွေကို အခြားအမျိုးသမီးတွေ လုပ်နေတာပါပဲ၊ ငါတို့နဲ့ မဆိုင်ပါဘူး ငါတို့အလုပ် မဟုတ်ပါဘူးလို့တော့ မပြောကြပါနဲ့ အမျိုးသမီးတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ခေါင်းအရှောင်ပါနဲ့၊ သင့်မှာလည်း တာဝန်ရှိပါတယ်။ စွမ်းသလောက် အမျိုးသမီးရေးရာတွေ ဝင်ရောက်လုပ်ကိုင်ဖြေရှင်းပါ။ စွမ်းသလောက်လုပ်လို့ ဘာရမှာလည်းလို့ မေးရင် ရပါတယ်၊ အမျိုးသမီးထုရဲ့ ချီးမွမ်းသံတွေ သင်ကြားရပါလိမ့်မယ်။ နားနဲ့ နားမထောင်ပါနဲ့ နှလုံးသားနဲ့ နားထောင်ပါ။ နောက်သင့်မျိုးဆက်သစ်တွေကိုလည်း ဆက်လက်ပြီး အကျိုးခံစား ရပါလိမ့်မယ်။ ကုန်ကုန်ပြောမယ် ‘မိစ္ဆာဒိဠိ'လွဲမှားသော အယူအဆရှိသူတွေကို ‘သမ္မာဒိဠိ’ အမြင်မှန်ရလာ အောင် စွမ်းဆောင်လိုက်တဲ့အတွက် သင့်မှာ အခုဘဝရော နောက်ဘဝအတွက်ပါ ကုသိုလ်တွေ ရသွားပါတယ်။ ကဲ ဘယ်လောက်အားကျဖို့ ကောင်းလဲ၊ စမ်းသပ်ကြည့်ဖို့ကောင်းတယ်။ အကုသိုလ်အလုပ်မှ မဟုတ်တာ၊ ကုသိုလ်အလုပ်ပဲ အရှုံးလည်း မရှိပါဘူး။ သင်စွမ်းဆောင်တော့မယ် ဆိုတာနဲ့ အမျိုးသမီးထုကြီးက လက်ခုပ်တီးပြီး အားပေးကြိုဆိုကြပါလိမ့်မယ်။

http://www.choelinpyar.com/article/ မှ ကူးယူထားပါသည်၊

No comments: